Tuesday, April 12, 2016

ဝီထိစဉ်တစ်ခုအား ပဋ္ဌာန်းနည်းဖြင့် သုံးသပ်ခြင်း (၈)
‪#‎ဇောစိတ်‬
ဒီဇောစိတ်ကတော့ ၀ီထိစဉ်တစ်ခုမှာ အဓိကအကျဆုံးပါပဲ။ ကုသိုလ် အကုသိုလ်ကံတွေက ဇောအခိုက်မှာသာ ဖြစ်ကြရပါတယ်။ သံသရာလည်ကြောင်း သံသရာမှ လွတ်ကြောင်းတွေကလည်း ဒီဇောအခိုက်မှာ ကွာသွားကြတာပါ။ ကျွန်တော်တို့ ခုလေ့လာနေတဲ့ ၀ီထိက နှစ်သက်စရာအာရုံကို မြင်မိလို့ လိုချင်လောဘဖြစ်သွားတဲ့ စက္ခုဒွါရိက၀ီထိဆိုတာကို ပြန်သတိရ ပေးပါနော်။ စက္ခုဒွါရိက၀ီထိမှာ ကာမဇော အမျိုးအစား ၂၉မျိုးဖြစ်နိုင်ပြီး ခုလေ့လာတဲ့ ၀ီထိမှာတော့ (သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက) လောဘမူဇောစိတ် အမျိုးအစား ဖြစ်ပါတယ်။
၁။ ယှဉ်ဘက်စေတသိတ်= အညသမာန်း ၁၃ပါး၊ မောစတုတ် ၄ပါး၊ လောဘ၊ ဒိဋ္ဌိ စုစုပေါင်း ၁၉ပါး။ စိတ်နဲ့ပါပေါင်းရင် ၁+၁၉ ပေါ့။
၂။ ဇာတိ= အကုသိုလ်ဇာတ် အမျိုးအစားပါ။
၃။ အာရုံ= ဒီဇောစိတ်က ဒီအချိန်မှာ ရူပါရုံလေးကို အာရုံပြုပါတယ်။
၎။ ဒွါရ= စက္ခုဒွါရ။
၅။ မှီရာဝတ္ထု= ဟဒယ၀တ္ထု။
၆။ ခန္ဓာ= ၁+၁၉ထဲက ဝေဒနာစေတသိက်က ဝေဒနာက္ခန္ဓာ၊ သညာစေတသိက်က သညာက္ခန္ဓာ၊ ကျန် စေတသိက် ၁၇ခုက သင်္ခါရက္ခန္ဓာ၊ ဇောစိတ်က ၀ိညာဏက္ခန္ဓာဆိုပြီး နာမ်ခန္ဓာ ၄ပါးရှိပါမယ်။ ဒီဇောစိတ်က စိတ္တဇရုပ်ကို ထုတ်လုပ်မှာမို့ သူမှီနေတဲ့ ဟဒယ၀တ္ထုရယ် စိတ္တဇရုပ်တွေရယ်က ရူပက္ခန္ဓာထဲမှာ အကျုံးဝင်နေပါမယ်။ ဒါကြောင့်မို့ ခန္ဓာအနေနဲ့ ဝေဖန်ရင် ၅ပါးလုံးရှိနေမှာပါ။
၇။ အာယတန= ရူပါယတန၊ မနာယတန၊ ဓမ္မာယတန။
ရူပါရုံသည် ရူပါယတန၊ ဇောစိတ်သည် မနာယတန၊ စေတသိက် ၁၉ခု၊ စိတ္တဇရုပ်နှင့် ဟဒယ၀တ္ထုသည် ဓမ္မာယတန ဟူ၍ မည်ကြပါသည်။
၈။ ဓာတ်= ရူပဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်။
ရူပါရုံသည် ရူပဓာတ်၊ ဇောစိတ်သည် မနောဓာတ်၊ စေတသိက် ၁၉ပါး၊ စိတ္တဇရုပ်နှင့် ဟဒယ၀တ္ထုသည် ဓမ္မဓာတ် ဟူ၍ မည်ကြပါတယ်။
၉။ သစ္စာ= စိတ္တဇရုပ်၊ ဟဒယ၀တ္ထု၊ ဇောစိတ်နဲ့ လောဘကြဉ် စေတသိက်၁၈ပါးသည် ဒုက္ခသစ္စာမည်ပါတယ်။ လောဘစေတသိက်သည် သမုဒယသစ္စာမည်ပါတယ်။ (ဘ၀ဘ၀ကပြုခဲ့တဲ့ ကာမရာဂ (လောဘ)လို့ခေါ်တဲ့ သမုဒယသစ္စာသည်လည်း ပကတူပနိဿယသတ္တိနဲ့ စိတ်ဖြစ်စဉ်တစ်လျောက် လိုက်ပါစီးမျှော နေမယ်ဆိုတာကို ထည့်သွင်းဆင်ခြင် စေလိုပါတယ်)
၁၀။ ပဋိစ္စသမုပ္ပါဒ်
အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွဖြစ်သော၊ အယူမှားမှုနှင့်ယှဉ်သော ရူပါရုံကိုအာရုံပြုသော အကုသိုလ်စိတ်သည် ဖြစ်ဆဲဖြစ်၏။ ထိုအခါ.....
**အ၀ိဇ္ဇာကြောင့် သင်္ခါရသည်ဖြစ်၏။
**သင်္ခါရကြောင့် ၀ိညာဏ်သည်ဖြစ်၏။
**၀ိညာဏ်ကြောင့် နာမ်သည်ဖြစ်၏။
**နာမ်ကြောင့် မနာယတနသည် ဖြစ်၏။
**မနာယတနကြောင့် ဖဿသည်ဖြစ်၏။
**ဖဿကြောင့် ဝေဒနာသည် ဖြစ်၏။
**ဝေဒနာကြောင့် တဏှာသည် ဖြစ်၏။
**တဏှာကြောင့် ဥပါဒါန်သည် ဖြစ်၏။
**ဥပါဒါန်ကြောင့် ဘ၀သည်ဖြစ်၏။
**ဘ၀ကြောင့် ဇာတိဖြစ်၏။
**ဇာတိကြောင့် ဇရာမရဏသည် ဖြစ်၏။
ဤဆိုအပ်ခဲ့သောနည်းဖြင့် ချမ်းသာမဖက် ဆင်းရဲအစု၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။ ဒီလောဘမူ ဇောစိတ်အခိုက်ရောက်တော့ အင်္ဂါ ၁၂ပါးလုံး အပြည့်အစုံ တွေ့ရပါပြီ။
အရကောက်ကြည့်ချင်ပါသေးတယ်။ ၁+၁၉တွင်ရှိသော မောဟစေတသိက်သည် အ၀ိဇ္ဇာ၊ စေတနာစေတသိက်သည် သင်္ခါရ၊ လောဘမူဇောစိတ်သည် ၀ိညာဏ်၊ စေတသိက် ၁၉ပါးလုံးသည် နာမ်၊ လောဘမူဇောစိတ်သည်ပင်လျှင် ၆ခုမြောက် မနာယတန၊ ဖဿစေတသိက်သည် ဖဿ၊ သောမနဿဝေဒနာသည် ဝေဒနာ၊ လောဘသည် တဏှာ၊ ဒိဋ္ဌိစေတသိက်သည် ဥပါဒါန်၊ ဒိဋ္ဌိစေတသိက်ကြဉ် ကြွင်း ၁+၁၈ (နာမ်ခန္ဓာ ၄ပါး) သည် ဘ၀လို့ မည်ပါတယ်။ ထိုထိုတရားတွေရဲ့ ဖြစ်ပေါ်ခြင်းသည် ဇာတိ၊ ရင့်ရော်ခြင်းသည် ဇရာ၊ ချုပ်ပျောက်ခြင်းသည် မရဏလို့ မည်ပါတယ်။
၁၁။ ပဋ္ဌာန်း
ဒီ ၁+၁၉ စိတ်စေတသိက်အစုကလေးမှာ ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ၊ သညာစေတသိက်သည် သညာက္ခန္ဓာ၊ ကျန်စေတသိက် ၁၇ခုသည် သင်္ခါရက္ခန္ဓာ၊ လောဘမူဇောစိတ်သည် ၀ိညာဏက္ခန္ဓာ ဆိုပြီး နာမ်ခန္ဓာ ၄ပါးလုံးပါပါတယ်။ ဒီ၎ပါးဟာ ၁ပါးကနေ ၃ပါးကို၊ ၃ပါးကနေ ၁ပါးကို၊ ၂ပါးကနေ ၂ပါးကို သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ ဆိုတဲ့ နာမ်နာမ်ချင်း ကျေးဇူးပြုတဲ့ ၆ပါးသော ပစ္စယသတ္တိတွေနဲ့ ကျေးဇူးပြုနေတယ်။
အာရမ္မဏ၊ ပုရေဇာတ၊ ပစ္ဆာဇာတ၊ ကမ္မ၊ အာဟာရ၊ ဣန္ဒြိယ၊ ဈာန၊ ၀ိပ္ပယုတ္တ စတဲ့ ဒီပစ္စည်း ၈မျိုးကလည်း ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သဘောချင်းတူတူပဲမို့ မပြတော့ပါဘူး (အကျယ် အပိုင်း၃တွင် ပြခဲ့ပြီ)။ ဒါပေမဲ့ ပစ္ဆာဇာတ ယူတာလေးကတော့ နည်နည်းကွာပါမယ်။ ဒီစိတ်ကလေးက ၀ုဋ္ဌောနဲ့ ဥပါဒ်အပြိုင်ဖြစ်ခဲ့တဲ့ ဟဒယ၀တ္ထုကို မိမိရဲ့ ဌီအခိုက်မှာ ပစ္ဆာဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ မတူဘဲ ပစ္စည်းသုံးခု ပိုလာတာရှိပါတယ်။ ပထမတစ်ခုက ဒီဇောစိတ်အခိုက်မှာ ရှိနေတဲ့ လောဘနဲ့ မောဟ စေတသိက်တွေသည် ယှဉ်ဘက် စိတ်စေတသိက် စိတ္တဇရုပ်တွေကို ဟေတုသတ္တိနဲ့ ထောက်ပံ့နေပါမယ်။ နောက်တစ်ခုက ဒီလောဘမူဇောစိတ်ဟာ သာဓိပတိဇော ၅၂ပါးအနက် တစ်ပါးဖြစ်တာမို့ အဲ့ဒီအခိုက်မှာ ရှိတဲ့ စိတ်ရယ် ဆန္ဒနဲ့ဝီရိယ စေတသိက် နှစ်ခုရယ် စုစုပေါင်း အဓိပတိ အင်္ဂါ ၃ပါးဟာ ယှဉ်ဘက် စိတ်စေတသိက် စိတ္တဇရုပ်တွေကို အဓိပတိသတ္တိနဲ့ လွမ်းမိုးကြီးစိုးနေမှာ ဖြစ်ပါတယ်။ ကျန်တစ်ခုက ဒိဋ္ဌိစေတသိက်ရဲ့ မဂ္ဂသဘာဝပါ။ ဒီဒိဋ္ဌိစေတသိက်က အတူဖြစ်ဘက် စိတ်စေတသိက်တွေနဲ့ စိတ္တဇရုပ်တွေကို အကုသိုလ်လမ်းကြောင်း အကုသလမဂ္ဂင်အဖြစ် ကျေးဇူးပြုနေပါတယ်။
ဟော ... ဒီလိုနဲ့ပဲ ဥပါဒ် ဌီ ဘင် ခဏငယ် ၃ချက်ကြာတဲ့အခါ အနိစ္စလက္ခဏာကို ပိုင်ဆိုင်ကြလေတဲ့ သင်္ခါရတို့ရဲ့ သဘာဝအတိုင်း ဖြစ်ပြီးပျက်ရပြန်တော့မယ်။ ဒါကြောင့် သူကအာရုံကို ပထမအကြိမ် ခံစားပြီးတဲ့အခါ သူ့အလုပ်က ပြီးပြီ။ ဒီအာရုံကိုပဲ ဒုတိယအကြိမ်ခံစားမဲ့ လောဘမူဒုတိယဇောစိတ်ကို အခွင့်ပေးရတော့မယ်။ ဒါကြောင့် သူနဲ့ နောက်ဆုံးဆက်ဆံပက်သက်ရမဲ့ စိတ်ကို သူရဲ့မရှိခြင်း (နတ္ထိ)၊ သူနဲ့ကင်းနေခြင်း (၀ိဂတ)၊ အားကြီးသောအကြောင်း (ဥပနိဿယ)၊ ပြတ်တောက်ကြားလပ်သွားခြင်း မရှိစေဘဲ အခြားမဲ့ဖြစ်ခြင်း (အနန္တရ) ကောင်းစွာ အခြားမဲ့ဖြစ်ခြင်း (သမနန္တရ)၊ အထပ်ထပ်ထုံမွမ်းခြင်း (အာသေ၀န) သတ္တိတွေနဲ့ စနစ်တကျ ကျေးဇူးပြုသွားပါတော့တယ်ဗျာ ...
ပြန်ပြီး ရေတွက်ကြည့်ရင် ပစ္စယသတ္တိပေါင်း ၂၃မျိုး ပါဝင်နေတာ သိနိုင်ပါတယ်။ ၀ိပါကပစ္စည်းတစ်ခုပဲ မပါတာပါ။ သြော် တစ်ချိန်တည်းမှာပဲ တစ်ဦးချင်းစီဟာ အကြောင်းဘက်မှာရော အကျိုးဘက်မှာရော ရှိနေကြတယ်၊ တစ်ဖက်သက် ကျေးဇူးပြုနေတဲ့ တရားကို မတွေ့ရဘူး။ တစ်ဦးကပစ္စယသတ္တိတစ်မျိုးနဲ့ ကျေးဇူးပြုနေချိန် တစ်ဦးကလည်း သူပိုင်ဆိုင်တဲ့ သတ္တိနဲ့ ဒီ ၁+၁၉ Unitလေး ရည်မှန်းချက်ကို ကောင်းကောင်းမွန်မွန် ရောက်ရလေအောင် တာဝန်တွေ ကျေနေလိုက်ကြတာ။
ရှေ့မှာ ဖော်ပြခဲ့ပြီးသော စိတ်တွေနဲ့ မတူဘဲ ဒီဇောစိတ်ရဲ့ ထူးခြားချက်ကတော့ စိတ်ဖြစ်စဉ်တစ်လျောက် ကံသတ္တိလေးကို ချန်ထားခဲ့တာပဲ ဖြစ်ပါတယ်။ အကြောင်းတွေဆုံတဲ့အခါ လက်ရှိဘ၀မှာပဲ နာနာက္ခဏိကကမ္မ ပကတူပနိဿသတ္တိတွေနဲ့ ဆိုင်ရာဆိုင်ရာ အကျိုးပေးမှာဖြစ်ပါတယ်။ အကယ်၍ အကျိုးပေးခွင့် မကြုံခဲ့ရင်တော့ အဟောသိကံ ဖြစ်ရပေမပေါ့။
ဒီနေရာမှာ အရေးကြီးတဲ့ အသိတစ်ခု ရှိပါတယ်။ "အကြောင်းတွေဆုံရင်" ဆိုတဲ့ စကားရပ်ဟာ အတော် သတိထားစရာကောင်းပါတယ်။ ဘာလို့ဆို ကံတရားတွေဟာ လုံလောက်တဲ့ အကြောင်းတွေ ပေါင်းဆုံမှ အကျိုးကို ဖြစ်စေတာပါ။ အကြောင်းမဆုံရင် အဟောသိကံ ဖြစ်ရရှာပါတယ်။ ဒီလိုဆို ကုသိုလ်နဲ့ ပတ်သက်ရင် အကြောင်းမဆုံဆုံအောင် ပြုပြင်နေထိုင်ရမယ်။ အကုသိုလ်ဆိုရင်တော့ အကြောင်းမဆုံအောင် ရှောင်နေရမယ်ပေါ့။ ဒီဘ၀ လောလောလတ်လတ် ကျွန်တော်တို့ ပြုခဲ့ကြတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေ အများကြီး။ အကျိုးပေးဖို့ ကျန်နေတာတွေ အများကြီး။ ကုသိုလ်တွေ အကျိုးမပေးလိုက်ရပဲ အဟောသိကံ ဖြစ်သွားရင် ဘယ်ကောင်းမတုံး။ ဒါကြောင့် ဒါနလေးတွေ ပုံမန်ပြုပေးမယ်၊ နိစ္စသီလ ဥပုသ်သီလတွေ ဆောက်တည်မယ်၊ ရရင်ရသလို ဘ၀နာတရား ဆင်ခြင်ပွားများခြင်းအားဖြင့် ကုသိုလ်ပတ်ဝန်းကျင်လေးတစ်ခု အသင့်ပြင်ဆင် ထားသင့်ပါတယ်။
ဓမ္မမိတ်ဆွေများအားလုံး မိမိရဲ့ စိတ်ကို အကောင်းဆုံးပတ်ဝန်းကျင်ထံ ပို့ဆောင်ညွှတ်ကိုင်းပြီး ကုသိုလ်တရားတွေအတွက် အချိန်တိုင်းပြင်ဆင် နေထိုင်ရင်း သံသရာတစ်လျောက်မှ ကုသိုလ်အပေါင်း၏ အထောက်အပံ့များရရှိကာ တစ်မဂ်တစ်ဖိုလ် ဆိုက်ရောက် လွတ်မြောက်နိုင်ကြပါစေ …
ဆက်လက်ရေးသားပါမည်
SLH (3-4-2016)